နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ

     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပီပီပြင်ပြင်စနစ်တကျဆောင်ရွက် နိုင်ရန် နိုင်ငံတော်အစိုးရသည် ဥပဒေအမှတ်(၁၁/၉၃)ဖြင့် “နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ၁၃-၈-၉၃ ရက်နေ့တွင် ပြဌာန်းပေးခဲ့ပါသည်။ အဆိုပါ ဥပဒေအား လက်ရှိအခြေအနေနှင့်ကိုက်ညီစေရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှဥပဒေအမှတ် (၇/၂ဝဝ၆)ဖြင့် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပ​​ဒေ”အား ၁၁-၈-၂ဝဝ၆ ရက်နေ့တွင်လည်းကောင်း၊ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေ”အား ၂၂-၇-၂ဝ၁၅ ရက်နေ့တွင်လည်းကောင်း ပြဌာန်းပေးခဲ့ပါသည်။

     ထိုမှဖွံ့ဖြိုးရေး လုပ်ငန်းများကို ပင်မစီမံကိန်းတစ်ရပ်ရေးဆွဲ၍ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်မှ ၁၉၉၅-၉၆ ဘဏ္ဍာရေး နှစ်အထိ ပထမနှစ်တို နှစ်စီမံကိန်း၊ ၁၉၉၆-၉၇ ဘဏ္ဍာရေးနှစ်မှ ၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာရေးနှစ် အထိ ပထမနှစ်လတ် နှစ်စီမံကိန်းနှင့် ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်မှ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေး နှစ်အထိ ဒုတိယနှစ်လတ် ၅နှစ်စီမံကိန်း၊ စုစုပေါင်းစီမံကိန်းကာလ ၁၃ နှစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်၊ ထိုသို့ဆောင်ရွက်ခဲ့ရာမှ ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံကိန်း ခုခွဲကာ နှစ် ၃ဝ စီမံကိန်း ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ ယခုအခါပြောင်းလဲလာသောခေတ်နှင့်အညီ နယ်စပ်ဒေသ ဘက်စုံ ဖွံ့ဖြိုးရေးနှစ်၂ဝ နှစ်ရှည်စီမံကိန်းကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာရေးနှစ် ထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။