နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) ကျောက်စိမ်းခန်းမ ၌ ကျင်းပသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစား အရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် နိုင်ငံတကာမှ ဆွေးနွေးကြမည့် ပြည်ပပညာရှင်များ၊ လေ့လာသူများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့် လေ့လာသူများ စုစုပေါင်း ၃၅၁ ဦး တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် NCA ၏ ၁၀ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်နိုင်ရန်၊ အဓိကသက်ဆိုင်သူ Stakeholders များအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန်နှင့် မြန်မာနိုင်ငံ အတွင်း ပေါင်းစည်းညီညွတ်မှုကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု များမှတစ်ဆင့် ရရှိလာသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက် ပေးခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိ ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အဟန့်အတားဖြစ်စေနိုင်သည့် ဆိုးကျိုးများ တွေ့ကြုံရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကိုတည်ငြိမ်မှုရှိအောင် တည်ဆောက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှ စပြီး ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည်ဖြစ်သည့်အတွက်ရွေးကောက်ပွဲဖြစ်မြောက် အောင်မြင်စေရေး အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်သွားအောင် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြိုးပမ်းပေးကြရန် အလေးအနက်ထား ပြောကြားလိုကြောင်း၊ တွေ့ကြုံရမည့်အခက်အခဲ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများကိုဖြေရှင်းရာတွင် လူထုလိုအပ်ချက်နှင့် ပကတိနိုင်ငံရေး အခြေအနေအတိုင်း ပြောင်းလဲသင့်သည့် နည်းလမ်းများ၊ နည်းဗျူဟာများ၊ အကြံဉာဏ် ကောင်းများကို ယခုအလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က နိုင်ငံတကာအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် နှင့်အစီအစဉ်များအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် “ဒေသတွင်းနှင့် ကမ္ဘာ့မိတ်ဖက်များ၏ အကူအညီဖြင့် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုကိုပံ့ပိုးနိုင်ရန် ပထဝီစီးပွားရေးဆိုင်ရာ လမ်းကြောင်းများကို ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရန် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံခြားဧည့်သည်တော် ပညာရှင်များ ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှပညာရှင်များက “ဒေသတွင်း ချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်”၊ “ပဋိပက္ခစီးပွားရေးနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများ”၊ “ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မှု၊ ပြည်သူ-ပြည်သူအကြားဆက်ဆံရေး၊ ဘေးလွန်/ ပဋိပက္ခအလွန်ကာလ ပြန်လည်တည်ဆောက် ရေး” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေး ကြပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်းများ အပေါ် ဦးဆောင်ဆွေးနွေး သူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြကာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ဆွေးနွေးကြသည့် နိုင်ငံခြား ဧည့်သည်တော် ပညာရှင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲမှရရှိလာမည့် အပြုသဘောဆောင်သော အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ပြီးနောက် ပြန်လည်တည်ဆောက်ရေးတို့အတွက် ဆောင်ရွက်သင့်သည်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲအား အောက်တိုဘာလ ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။