နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ရှမ်းပြည်နယ်(တောင်ပိုင်း) နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၆
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာ၀န်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို (၁၄-၅-၂၀၁၉) ရက်နေ့မှ (၁၆-၅-၂၀၁၉) ရက်နေ့အထိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၅-၅-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက် မြို့နယ်၊ ကျောက်ဂူ-နောင်ဝိုးလမ်းသို့ ရောက်ရှိခဲ့ရာ အဆိုပါလမ်းပေါ်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကတ္တရာလမ်း (၅/၀) မိုင်၊ ကျောက်လမ်း (၂/ဝ)မိုင် ဖောက်လုပ်ခြင်း၊ ကျောက်လမ်း (၁၅/၀) မိုင် ပြုပြင်ထိန်းသိမ်းခြင်းနှင့် တံတား (၃) စင်း တည်ဆောက်ခြင်းလုပ်ငန်း များကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ သည့် (၂၅) ပေ ကွန်ကရစ်တံတား (၂) စင်း၊ (၈)ပေ Box Culvert (၃) စင်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ဝန်ကြီးဌာန၏ မူဝါဒ၊ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရေး၊ ရေရှည်တည်တံ့ ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များအား ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။     
    ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် နောင်ဝိုး-ပန်ဝပ်-သဘာ၀တံတား လမ်းပိုင်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နောင်ဝိုး-ညဉ့်စဉ် ကျောက်ချောလမ်း (၂/၀) မိုင် ပြီးစီးမှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ညဉ့်စဉ်မှ သဘာဝတံတားအထိ ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်ချောလမ်း (၇/၀) မိုင်နှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျောက်ချော လမ်း (၃/၀) မိုင် ဖောက်လုပ်မှုအခြေအနေများနှင့် အဆိုပါလမ်းပေါ်ရှိ (၂၀) ပေတံတား (၂) စင်း၊ (၁၀) ပေတံတား (၁) စင်း တည်ဆောက်ရေးလုပ်ငန်းခွင်များသို့  ရောက်ရှိစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလ အတွင်းပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများနှင့် လမ်းပခုံး များကို ရေစီးရေလာကောင်းရန်အတွက် စနစ်တကျဆောင်ရွက်ရေး မှာကြားခဲ့ပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ပြည်ထောင်စု၀န်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်  ရွက်နေသည့် သဘာဝတံတားမှ နမ့်လန်အထိ (၁၅/၄) မိုင် မြေသားလမ်းအား အဆင့်မြှင့်တင်ခြင်း (ဗြုန်းလမ်း) လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာများ၏ လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး သဘာဝ တံတားမှ နမ့်လန်အထိ လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနတို့မှ ယခုဖောက်လုပ်နေသော တောင်ကြီး-ရပ်စောက်-ကျောက်ဂူ-ညဉ့်စဉ်-ပန်၀ပ်- သဘာ၀တံတား-နမ့်လန်-သီပေါ-လားရှိုးလမ်းမှာ ကျောက်ဂူ-ညဉ့်စဉ်-ပန်၀ပ်-သဘာ၀တံတားအထိ (၃၆/၂) မိုင်လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍လည်းကောင်း၊ သဘာဝတံတား-နမ့်လန်အထိ (၁၅/၄) မိုင် လမ်းအပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်းကောင်း အသီးသီးတာဝန်ယူ၍ လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။
    အဆိုပါလမ်းပြီးစီးပါက ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်သွယ် သည့် လမ်းများအနက် အတိုဆုံးလမ်းကြောင်းအဖြစ် သွားလာနိုင်မည်ဖြစ်သည့်အပြင် ဂုတ်တွင်း ဒေသကို ဖြတ်သန်းစရာမလိုအပ်သဖြင့် ဂုတ်တွင်း (ဂုတ်ထိပ်) ဒေသ၌ မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်း၊  ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသရှိ ပြည်သူလူထုအတွက် များစွာ အကျိုးရှိမည် ဖြစ်ရာ ရေရှည်တွင် အဓိကကျသော မဟာဗျူဟာဆက်သွယ်ရေးလမ်းအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့နယ်တွင် တည်ဆောက်လျက် ရှိသော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယနေ့ နိုင်ငံတော်၏ အလေးထားဆောင်ရွက် ပေးနေသည့် Vocational Training School များမှ မွေးထုတ်ပေးနေသည့် ကျွမ်းကျင် လုပ်သားများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှာ ရှိနေသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများတွင် စက်မှုလက်မှု သင်တန်းကျောင်း (၉) ကျောင်း ဖွင့်လှစ်ထားရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ကျွမ်းကျင် လုပ်သားများအား မွေးထုတ်ပေးလျက်ရှိသကဲ့သို့ ယခုဆက်လက် တိုးချဲ့ဖွင့်လှစ်မည့် အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းကိုလည်း ဒေသခံလူငယ် များအား စက်မှုလက်မှုပညာရပ်များ အဆင့်မီမီ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် သင်တန်းဖွင့်လှစ်နိုင်ရေး သင်ထောက်ကူပစ္စည်းများ အပါအဝင် လိုအပ်သည်များအား စနစ်တကျစီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်အတွင်းရှိ ပုံးဖြွမ်း-နမ့်ကွတ်-မုံးထ-ဟိုတကောင် (ဟိုတပ်) လမ်း (၂/၄) မိုင် မြေသားလမ်းနှင့် အဆိုပါ လမ်းပေါ်ရှိ Box Culvert (၁၀) စင်း ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph