
ဇန်နဝါရီလ ၂၁ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖြစ်သော စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၅)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁ဝ၉) သင်တန်းများဆင်းပွဲ အခမ်းအနားကို ၂၁-၁-၂ဝ၂၂ ရက်နေ့ နံနက် ဝ၈:၃ဝ နာရီတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်း ထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းများဆင်းပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူအင်အား ၁၅ဝ ဦး တို့ တက်ရောက်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အဆင့်ဆင့်သော ဝန်ထမ်းများအား အရည်အသွေးထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရားပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးရသော ဝန်ထမ်းကောင်း များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်းနှင့် ဗဟိုလေ့ကျင့်ရေးကျောင်းတွင် အဆိုပါ သင်တန်းများကို ၁-၁၁-၂၀၂၁ ရက်နေ့မှ ၂၁-၁-၂၀၂၂ ရက်နေ့ထိ ရက်သတ္တ ၁၂ ပတ်ကြာ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။