နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်‌ရေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအား (၁၃-၇-၂၀၂၀) ရက်နေ့မှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
    ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများသည် (၁၃-၇-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ကလောမြို့နယ်၊  ရွှေမင်းဖုန်းဘုရားနှင့် ရွှေမင်းဖုန်းကျေးရွာချင်း ဆက်သွယ်သည့် မြေသားလမ်း ဖောက်လုပ်နေမှုနှင့် အောင်ပန်းမြို့နယ်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (၁၄-၇-၂၀၂၀) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်လောင်းမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပင်လောင်း)၊ နောင်မူလမ်းခွဲ-ကျောက်ဆင့် မြေလမ်းဖောက်လုပ်ခြင်း၊  တောင်ခမောက် - စည်ပင် - ပင်စင် မြေလမ်းဖောက်လုပ်ခြင်း၊ တောင်ခမောက် - ပင်စုံ - ပင်စိမ်းပင် မြေလမ်းဖောက်လုပ်ခြင်း၊ စည်ပင်ကျေးရွာ ရေသွယ်တန်းခြင်း၊ မူယားလမ်းခွဲ - ပက္ကော်-ထင်းရှူးတောင်လမ်း ကတ္တရာခင်းခြင်း၊ လွယ်အယ် - သံတောင် မြေလမ်း ဖောက်လုပ်ခြင်း၊ သံတောင်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း၊ လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ သတ်မှတ် စံချိန်စံညွှန်း လုပ်ငန်း အရည်အသွေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Time Frame ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်း တည်ဆောက်ပြီးစီးခဲ့မှု မှတ်တမ်းများ၊ တည်ဆောက်ဆဲ အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြကြသည်။
    ထို့နောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကို ခွင့်ပြုချက်ရလျှင်ရချင်း နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံး လုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်(၁/၂၀၁၇)နှင့်အညီ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ လုပ်ငန်း အပ်နှံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် COVID-19 ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ အချိန်မီ ပြီးစီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ယခုလို ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများ ပြီးစီးပါက ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပူးပေါင်း ပါဝင် ထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
    အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီံမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ အတွင်းရှိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင် နှင့် လွယ်အယ်ကျေးရွာ (၄)အုပ်စု အတွင်း အစားထိုးဖွံ့ဖြိုးရေး ဆိုင်ရာ ရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းများဖြစ်သည့် လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်  (၅၀၁၂.၈၄၄)သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၄၄၁.၇၀၀)သန်း၊ သမဝါယမဦးစီးဌာန ၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၈၄.၆၄၇)သန်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၄၇.၃၅၃)သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၆.၈၁၇) သန်း၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂.၉၅၅)သန်း၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၂၂၇.၂၅၀) သန်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၂၅.၀၀၀) သန်း၊ စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၆၉၇၈.၅၆၆) သန်းဖြင့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု၏ အကျိုးရလဒ်များ အပေါ် မူတည်၍ Pilot Project များ ထပ်မံ သတ်မှတ်လျာထား အကောင်အထည်ဖော် ဆောင်ရွက် သွားရန် စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။