ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး နှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သို့ လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့လည်းကောင်း ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များ၏ ပင်မစာ သင်ဆောင်နှင့် အစည်းအဝေးခန်းမများတွင် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ကျောင်းအလိုက် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က ကိုဗစ်-၁၉ ကာလ အတွင်း တက္ကသိုလ် နှင့် ကောလိပ်များ ပိတ်ထားစဉ် ကျောင်းတွင်းတည်ဆောက်ရေးလုပ်ငန်းများ၊ ပြုပြင်မွမ်းမံမှုများ၊ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများ၏ အရည်အသွေးမြှင့်တင်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်သည့်အချိန်တွင် ကိုဗစ်-၁၉ အခြေအနေနှင့် အချိန်အခါများအပေါ် မူတည်၍ New Normal ပုံစံဖြင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရေးအတွက် A Plan, B Plan, C Plan များ ရေးဆွဲ လေ့ကျင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်၊ တက္ကသိုလ်နှင့် ကောလိပ်များ ပြန်လည် ဖွင့်လှစ်ခြင်းမပြုသေးသည့် ကာလအတွင်း ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ ဘာသာရပ်များ၊ သင်ခန်းစာများကို ခေတ်မီ သင်ကြား နည်းစနစ်များဖြင့်လည်းကောင်း၊ Online စနစ်များဖြင့် လည်းကောင်း သင်ကြားပို့ချနိုင်ရေး ဆည်းပူး လေ့လာ သွားကြရန်၊ သင်ကြားနည်းစနစ်ဆိုင်ရာ သင်တန်းများကိုလည်း ထိထိရောက်ရောက် လေ့ကျင့်ဆောင်ရွက် သွားကြရန်၊ မိမိတို့ တက္ကသိုလ်နှင့် ကောလိပ်များ၏ ဥပဓိရုပ် သာယာလှပစေရေး စီမံဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ နှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဖြစ်နိုင်ခြေများကို ကျန်းမာရေးအသိ၊ ပညာရေး၊ လူမှုရေး ရှုထောင့်များဖြင့် ကြိုတင်မျှော်တွေး စဉ်းစားသုံးသပ်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ တာဝန်သိ တာဝန်ယူ တာဝန်ခံမှုတို့ဖြင့် မိမိတို့၏ သင်ကြားရေး၊ စီမံရေး၊ လေ့ကျင့်ရေးတာဝန်များကို အကောင်းဆုံး ထမ်းဆောင်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ခွင့်မပြန်ကျောင်းသားများအတွက် ထောက်ပံ့ငွေများ ပေးအပ်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၆)ခန်းတွဲ (၃)ထပ်ဆောင်အသစ် တည်ဆောက်ခြင်း၊ ကျောင်းသားအိပ်ဆောင်၊ စားရိပ်သာ၊ (၂)ထပ်အိပ်ဆောင် (၁၂)ဆောင် ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ် အချိန်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး၊ အရည်အသွေးစစ်ဆေးရေး အဖွဲ့များက စနစ်တကျ စစ်ဆေး ကြပ်မတ်ရန်၊ သက်ဆိုင်ရာ ကုမ္ပဏီများကလည်း လုပ်ငန်းများကို စေတနာထားဆောင်ရွက် သွားကြရန် မှာကြား၍ ကျောင်းသား/ သူအိပ်ဆောင်များ၊ စားရိပ်သာများနှင့် စာသင်ဆောင်များတွင် ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန် ကာလများတွင် New Normal ပုံစံဖြင့် ဆောင်ရွက် နိုင်ရေးအတွက် A Plan, B Plan, C Plan များနှင့် အညီ ဇာတ်တိုက်လေ့ကျင့်၊ ခင်းကျင်းစီမံဆောင်ရွက် ထားမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။