
ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေးအတွက် ကျေးရွာချင်းဆက်မြေသားလမ်းများကို ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်း၊ ကျောက် လမ်းခင်းခြင်း၊ လမ်းတာချဲ့ခြင်း၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မိုင်းငေါ့မြို့ မန်ဟွေရွာမှ ချုံးဟောင်းကျေးရွာချင်းဆက် မြေသားလမ်း အရှည် ၃ မိုင် ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်းတည်ဆောက်ခြင်း၊ နမ့်မန်း-ခုံငင်း-အာပြောင်လမ်း ပေါ်တွင် လမ်းအရှည် ၅ မိုင်ကို မူလပျမ်းမျှ ၁၃ ပေအကျယ်မှ ၂၆ ပေအကျယ် လမ်းတာချဲ့ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၀ စင်းတည်ဆောက်ခြင်း၊ နောင်ချိုမြို့နယ်ရှိ ဟိုခို-ကျောက်ကြီး ကျေးရွာချင်းဆက် မြေလမ်း အရှည် ၁ မိုင်ကို ကျောက်လမ်းခင်းခြင်းတို့ဖြစ်ကြောင်း သိရသည်။