မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် ဘက်စုံဒေသဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အဆောက်အဦများ ပြီးစီးခြင်း အခမ်းအနားကျင်းပပြုလုပ်

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့ကူညီမှုဖြင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသော ဘက်စုံဒေသ ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အဆောက်အဦများ ပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ (၂၇) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ ဒူးပလာယာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဦးသိန်းဇော်၊ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူး‌တူး‌စေးဖိုး၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr Maruyarma နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Mr Yohei Sasakawa နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ တက်‌ရောက်ခဲ့ ကြသည်။

          အခမ်းအနားတွင် ပထမဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အမှာစကားပြောကြားရာတွင် ပြည်တွင်း မငြိမ်မသက်မှုများကြောင့် တိုင်းရင်းသားများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကိစ္စရပ် များသည် အားနည်းနိမ့်ကျခဲ့ရသဖြင့် အစိုးရအဆက်ဆက်က နယ်စပ်ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်း များကို စီမံကိန်းများ ချမှတ်ပြီး ကြိုးစားအကောင်အထည်ဖေါ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိ တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားရှိပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဥ်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖေါ် ဆောင်ရွက် လျက်ရှိပါကြောင်း၊

          ပြည်တွင်း တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာမှသာ မိမိတို့အားလုံးမျှော်မှန်းသည့် ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း ဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နယ်စပ်ဒေသရှိ လူငယ်လူရွယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ‌ဆောင်ရွက်ပေးရန်ဟူသည့် မဟာဗျူဟာ ရည်မှန်းချက် (၂) ရပ်ကို တစိုက်မတ်မတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါကြောင်း၊

          ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် နိုင်ငံ‌တော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီ မှုများဖြင့်လည်းကောင်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိနိုင်ငံတွင်းသို့ ပြန်လည်ရောက်ရှိလာမည့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝအဆင်ပြေပြေ ရပ်တည်နေထိုင်နိုင်‌ရေး ရည်မှန်း၍ လေးကေ့ကော်မြို့သစ် စီမံကိန်းကို အစိုးရ၊ တပ်မတော်၊ ပြည်သူ၊ ဝန်ကြီးဌာန၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိပွန်ဖောင်ဒေးရှင်းတို့က စုစည်းမှု စွမ်းအားဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ဦးသိန်းဇော်၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောမူး‌တူး‌စေးဖိုး၊ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr Maruyarma နှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Mr Yohei Sasakawa တို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

          ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အဦများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း နှင့် ဂျိုးဌက်များလွတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph