မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့တွင်တက်ရောက်ကြမည့် သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံ

မန္တလေး၊ ဧပြီ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့(၅)နှစ် သင်တန်းအမှတ်စဉ်(၉)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)ပထမနှစ်ဝိဇ္ဇာ၊သိပ္ပံနှင့် အေဂျီတီအိုင်ဒီပလိုမာသင်တန်း  တက်ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးပညာရေးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းများဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကိုသိရှိကာသင်ကြားရမည့်ဘာသာရပ်များကိုအထူးဂရုစိုက်သင်ယူကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချသည့် အသိပညာ၊ အတတ်ပညာများသာမက နိုင်ငံတကာမှ ပညာရပ်များ ကို အမြဲလေ့လာကာ တွေးတောကြံဆနေရမည်ဖြစ်ပြီး မိမိကိုယ်တိုင် အရည်အချင်းပြည့်မီနေ  အောင်ကြိုးစားနေရမည်ဖြစ်ကြောင်း၊ အမှားအမှန်ကို ဆင်ခြင်သုံးသပ်ခွဲခြားနိုင်သည့် ပညာသည် ရတနာဖြစ်ပြီး ဆရာသည်အခရာကျပါကြောင်း၊ ဆရာဆရာမများအပေါ် လေးစားလိုက်နာပြီး   ကျောင်းဆရာနှင့်ပတ်သက်သည့် ပညာရပ်များကိုလည်း ကျွမ်းကျင်အောင်လေ့လာဆည်းပူးရမည် ဖြစ်ကြောင်း၊ တာဝန်ကျရာဒေသများတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် နိုင်ငံဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး တာဝန် ကျေပွန်စွာထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မိမိ၏ ရည်မှန်းချက်၊ ဦးတည်ချက်များ မှန်ကန်ပြီး မိမိလုပ်ငန်းကိုတန်ဖိုးထားကာ မတူကွဲပြားမှုများကိုစွန့်လွှတ်၍ တူညီမှုခွန်အားဖြင့် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်းရိုင်းပင်းကူညီလက်တွဲကာနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းပြောကြားပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကသင်တန်းသားသင်တန်း သူ(၂၃)ဦးအတွက် ထောက်ပံ့ငွေကျပ်(၂၃)သိန်းကိုပေးအပ်ခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းအောင်ကကျေးဇူးတင်စကားပြောကြားပြီးနောက်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့သည်။ 
ယခုသင်တန်းသားသင်တန်းသူများမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊သာစည်နှင့်ကျောက်ဆည်မြို့နယ်တို့မှ အဆင့်ဆင့်စိစစ်ရွေးချယ်ထားသူများဖြစ်ပြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ်ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့်ပြည်ထောင် စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့တွင် တက်ရောက် ကြမည် ဖြစ်ကြောင်းသတင်းရရှိသည်။ 
 

Post Paragraph