မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ ၄ ရက်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ၏ အစားထိုး ဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့မွန်းလွှဲ (၂) နာရီခွဲ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။                          
    ရှေးဦးစွာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့်အမှာစကား ပြောကြားရာ၌ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့ဝင် ဌာနများအနေဖြင့် အစားထိုး ဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းလုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများအား ပြန်လည်ဆန်းစစ် အကဲဖြတ်ခြင်း (Evaluation)၊ ဘဏ္ဍာနှစ်အလိုက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ရန်ပုံငွေသုံးစွဲမှုအခြေအနေများ၊ အသေးစားလူထုအခြေပြု ပညာပေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ စေလိုပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် နီးစပ်ရာ မြို့နယ်များ သာမက ဝေးလံခေါင်ပါးသည့် ကျေးရွာများ အထိရောက်ရှိအောင် ကွင်းဆင်းဆောင်ရွက် ကြရေး၊ သက်ဆိုင်ရာ စီမံကိန်းကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများမှ ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် အစုအဖွဲ့ဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာ ကြားခဲ့ သည်။
     ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဦးစီးအဖွဲ့ ဥက္ကဌနှင့် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့ဝင် ဌာနများ၏ ကိုယ်စားလှယ်များမှ အစားထိုးဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ် အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ ရန်ပုံငွေသုံးစွဲမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
    အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် အစားထိုးဖွံ့ဖြိုးမှု စီမံကိန်းအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ (၂) နှစ်တာ ကာလ အတွင်း ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ စီမံကိန်းကျေးရွာအုပ်စု (၄) အုပ်စုတွင် မြေလမ်း (၃၈/၃) မိုင်၊ ကတ္တရာလမ်း (၃) မိုင်၊ ကွန်ကရစ်တံတား (၄) စင်း၊ Box Culvert ( ၆၂) စင်း၊ အမက ယာယီကျောင်းဆောင်/သန့်စင်ခန်း (၈) ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ (၉) ခု၊ စိမ့်စမ်းရေသွယ်ယူခြင်း (၂၆) မိုင်၊ အုတ်ရေကန် (၆) ကန်၊ စက်ရေတွင်း (၂) တွင်း၊ အဝီစိတွင်း (၁) တွင်း၊ ဓါတ်အားလိုင်းသွယ်တန်းခြင်း (၃) လိုင်း၊ တိရစ္ဆန်ထောက်ပံ့ခြင်း (ကြက်/ဝက်) ၆၀၀ ကောင်၊ မွေးမြူရေး အထောက်အကူပြုဟောပြောပွဲများ၊ အသက်မွေး သင်တန်းများ၊ သမဝါယမ အသင်းဖွဲ့စည်းခြင်းများ၊ ကောက်ပဲသီးနှံဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
    အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် စီမံကိန်းလုပ်ငန်း များအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။