အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းဖွင့်လှစ်

မုဒုံ၊ သက်မွေးပညာ
        နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုသမီးအိမ်တွင်းမှု သက်‌မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၆) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၈ ရက် နံနက် ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
        အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဦးတည်ချက်(၁၂)ရပ်တွင် ပါဝင်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်အတိုင်း ဘက်စုံပညာရေးကဏ္ဍများကို မြှင့်တင်ဆောင် ရွက်ပေးလျက်ရှိသလို အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍ တိုးတက်မြင့်မာရေးအတွက် ယခုလို အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသူများမှ ရက်လုပ်ပြသထားသည့် အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
        အဆိုပါသင်တန်းကို ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းတွင် သင်တန်းသူ ၃၀ ဦးနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းတွင် သင်တန်းသူ ၅ ဦး စုစုပေါင်း ၃၅ ဦးတို့ တက်ရောက်ကြောင်းသိရသည်။

Post Paragraph