
ကလော မေ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း၌ မေလ ၅ ရက်က စက်မှုလက်မှု ပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ကြသည်။
ရှေးဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သင်တန်း အတွက် ပံ့ပိုးငွေများပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် သည်။
အဆိုပါသင်တန်းကျောင်း၌ စက်မှုလက်မှုအခြေခံသင်တန်းတွင် လျှပ်စစ်သင်တန်း၊ ဂဟေဆက်သင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား ၃၀ ဦးအားလည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် အစားအစာနှင့် အဖျော်ယမကာသင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတို့ကို သင်တန်းသူ ၂၀ ဦးအား လည်းကောင်း သင်တန်းကာလ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

