နေပြည်တော် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၌ မေလ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းရှိ အိမ်တွင်းမှုခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ကြီးက တိုင်းမှူးနှင့် တက်ရောက်လာကြသူများအား ကျောင်းသမိုင်း၊ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများ၊ သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ကြရာ ထူးချွန်ဆုရရှိသူများနှင့် တာဝန်ရှိသူအသီးသီးက လက်ခံရယူကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၎င်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ စက်မှုလက်မှုလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။