အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း(ဘားအံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ဘားအံ၊ စက်တင်ဘာလ ၈ ရက်
    ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦစီးဌာန စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသော အလုပ်ဆိုတာအင်အားပါ စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီခွဲက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာဖတ်ဝိုင်းကျင်းပရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အဖွင့်အမှာ စကားပြောကြားသည်။
    ထို့နောက် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်‌ဒေရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက အလုပ်လုပ်တဲ့နေရာမှာသိက္ခာရှိပါစေ၊ စိတ်ထွေပြားရင် အားမဖြစ်ဘူး စဉ်ဆက်မပြတ်အလုပ်လုပ်မှ အားဝင်မယ် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူ ဆိုဖီယာက အလုပ်ဆိုတာ အင်အားပါ၊ အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သင်တန်းသူ မူးလာသောက်က အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင်အများနှင့် ပြေလည်အောင် ဆက်ဆံတတ်ပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ သင်တန်းသူ ခိုင်သဇင်ထွန်းနှင့် ဆာရယ်မူးတို့က အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ်မလွန်ကဲပါစေနဲ့၊ အလုပ်လုပ်တဲ့ နေရာမှာ အောင်မြင်ချင်ရင် ဇွဲသတ္တိကို အထူးမွေးပါစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့ ဆရာ ဦးသန်းအောင်နှင့် ဆရာဦးငွေသန်းတို့က ဖြည့်စွက်ဆွေးနွေးခဲ့ ကြပြီး သင်တန်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
    အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကရင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

Post Paragraph