ဘိုကလေး အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အောက်တိုဘာလ ၁၉ ရက်က လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပသည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ Book Club အဖွဲ့ဝင် စာရေးဆရာမ တစ်ဦးနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်ဝါသနာ ၊ လူငယ်နှင့်အောင်မြင်မှု ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် တက်ရောက်ကြသူများက မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တိုက်တွန်းမှုများနှင့် လူငယ် များအတွက် အကျိုးဖြစ်ထွန်းဖွယ်ရာ၊ မှတ်သားအတုယူစရာများကို အသိပညာပေးဟောပြောပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသူများက ကြည့်ရှုလေ့လာကြသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ ၊ Book Club အဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။