ဘိုကလေးမြို့နယ်၌ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ဘိုကလေး   အောက်တိုဘာ ၁၃
   ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်းရှိ  တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့်  မိသားစုဝင်ငွေတိုးပွားစေရေး၊  နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာတိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်ရေးရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၌ ကျင်းပသည်။
   အခမ်းအနားသို့  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး  စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ကော်ဖီစိုက်ပျိုးမည့် ဌာနဆိုင်ရာများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများထံ ပျိုးပင်များပေးအပ်ကာ အဆိုပါသင်တန်းကျောင်း၌ ကော်ဖီပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
 

Post Paragraph