
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)မှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲကို မေလ ၁၂ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာ အုပ်စု ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း က ယခုကဲ့သို့ အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ တိုင်းရင်းသူများအနေဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှု အတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သင်တန်းသူများ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာသင်ကြားရေး တို့အတွက် အကုန်ကျခံ သင်ကြားပေးနေသည်ဖြစ်၍ သင်တန်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာနှင့် ဗဟုသုတများကို တတ်မြောက်အောင် လေ့လာသင်ယူကြပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ပြောကြား ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူ များသည် သင်တန်းကျောင်း၌ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများနှင့် ခေတ်မီဒီဇိုင်း လက်ရာများကို ကြည့်ရှုကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မေလ ၁၂ ရက်မှ အောက်တိုဘာလ ၁၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။


