
ရန်ကုန် ဧပြီ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦး ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ဝ၈:ဝဝ နာရီအချိန်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား ၊ သင်တန်းသူများအား အတည်ပြုရွေးချယ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိတိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်သို့ တက်ရောက်ကြမည့်သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား/တိုင်းရင်းသူ များကို လူတွေ့စိစစ်အတည်ပြုရွေးချယ်ခဲ့ပါသည်။
ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ်၊ ရန်ကုန် အတွက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးသော မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်ပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ ၃၇၁ ဦး ကို ၃၀.၄.၂၀၂၂ ရက်နေ့အထိ စိစစ်အတည်ပြုပြီးပါက ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ ထားရှိသည့် အိပ်ဆောင်များ၊စာသင်ဆောင်များ၊စားရိပ်သာများ၊အင်ဂျင်နီယာလက်တွေ့အလုပ်ရုံများ၊ဒီဂရီကောလိပ်ဆေးခန်း၊ ကျောင်းအားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။