ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်

ပုသိမ် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသည့် နယ်မြေများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ပြီဖြစ်သည့်အတွက် အလုပ်အကိုင်ရရှိရေးကို ပိုမိုမြှင့်တင်ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းစသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ၃ မျိုးကို သင်ကြားပေးမည်ဖြစ်ပါကြောင်း။
ထို့အပြင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို လုပ်ငန်းခွင်အကြို မော်တာစက်နင်းနည်း၊ စက်ချုပ်ဘာသာရပ်၊ လက်မှုဘာသာရပ်များ လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေ ဖြင့် ဘဝအတွက်ပါ အာမခံချက် အပြည့်ပေးနိုင်သည့် ပညာရပ်များဖြစ်သည့်အတွက် အထူးကြိုးစားပြီး သင်ယူကြရန် မှာကြားလိုကြောင်းပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ခင်းကျင်းပြသထား‌ သော သင်တန်းသုံး သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ကြည့်ရှုသည်။ 
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေအစည်းဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။ 
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ အသိပညာ‌ပေးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများ၊ သုံးဘီးယာဉ်များကို စုရပ်များ၊ ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်မောင်းနှင်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်သွားမည့် အစီ အမံများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph