
မြစ်ကြီးနား မေ ၁၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းရှိ နေရပ်စွန့်ခွာ အိမ်ထောင်စုများအား ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက မေ ၉ ရက်က သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယာယီခိုလှုံရာစခန်းများ တွင် ၁၀ နှစ်ကျော်ကြာ ကြံ့ကြံ့ခံနေထိုင်လာခဲ့ကြသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒါ့အပြင် နေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများအား နေရပ်ကျေးရွာများတွင် ပြန်လည်အခြေချနေထိုင် ရာတွင်လည်း နေထိုင်စားသောက်ရေး၊ ရေ၊ မီး လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်မည့်အပြင် မိသားစုများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက အဆိုပါ မိုင်းနားဖွံ့ဖြိုးရေးခြံ KBC စခန်းရှိ အိမ်ထောင်စု ၃၀၈ စု၊ လူဦးရေ ၁၆၀၉ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၄၈၆ အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ဆန်ရိက္ခာနှစ်ပတ်စာအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၆၇၅၇၈၀၀ နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ငွေကျပ် ၇၅၀၀၀၀၀ တန်ဖိုးရှိ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲစသည့် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံ များကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နောင်ဟီး IDPs စခန်းမှ ၎င်းတို့၏ မူလနေရပ် အမှတ် (၃) ရပ်ကွက်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၇ ဦးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်း၊ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာစီတို့ဖြင့် စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးငွေကျပ် ၂၂၃၂၀၀၀ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေကျပ် ၅၁၃၀၀၀၊ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၂၀၀၀၀၀နှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး စခန်းများနေ အိမ်ထောင်စုများက လျှပ်စစ်မီးလိုအပ်ချက်၊ လမ်းကောင်းမွန်ရေး၊ ကလေးငယ်များ ပညာရေးနှင့် ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

