
နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၅၄ ဒသမ ၅၇၀ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမမြို့နယ်အတွင်းရှိ ကျေးရွာ ၅၉ ရွာအား အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကလေးဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အများဆုံး အသုံးပြုလျက်ရှိသည့် ရှမ်းစု-ဟဲဒေါင်း- ကျခတ္တောပံခုံလမ်း ၄/၃ မိုင်ပေါ်တွင် (၂၀ × ၁၄) ပေအကျယ် ကွန်ကရစ်တံတားတစ်စင်း၊ (၅ × ၅ ×၂၆)ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်းနှင့် အင်ဒုတ်-ရှဲဂမ်း-နန်းပင်-နန်းကလက်လမ်း ၇/၀ မိုင်ပေါ်တွင် (၅ × ၅ ×၂၆) ပေ Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားနှင့် Box Culvert များတည်ဆောက်ပေးခြင်းအားဖြင့် ကလေးဝမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၅၉ ရွာ၊ အိမ်ခြေ ၂၂၈၀၊ လူဦးရေ ၁၇၄၁၉ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း တမူးခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

