ကွမ်းလုံမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကွမ်းလုံ၊ ဇန်နဝါရီလ ၂၂ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ် စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွမ်းလုံမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်း က လူငယ်မောင်မယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့နေထိုင်သည့် ရပ်ရေး၊ ရွာရေးကိစ္စရပ်များတွင် ပါဝင် ဆွေးနွေးနိုင်သည့် အလေ့အထများရှိစေရန်ရည်ရွယ်ကာ လူငယ်စကားဝိုင်းကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ 
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးရာဇာသန်းဝင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကွမ်းလုံ Grade-10 မှ မောင်မင်းသုဏိုင်၊ မောင်အိုက်ပွတ်၊ မချမ်းမြော် နှင့် မအမ်းလူ တို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။ 
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးက ကျောင်းသား၊ ကျောင်းသူများအတွက်  အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီး ဦးအိုက်သဲဦး က လက်ခံရယူပြီး ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ  ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံပြပွဲကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)

Post Paragraph