
လွိုင်လင် အောက်တိုဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ဂျပန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့) တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ခဲလောင်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစေလှိုင်၊ အဖွဲ့ဝင် ဦးခွန်ထွန်းမောင်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်စေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး၊ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှ ဒေါ်အေးအေးသန်းနှင့် ခဲလောင်းကျေးရွာ မိဘပြည်သူတစ်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးကာ ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ ခဲလောင်းကျေးရွာမှ ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးနှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) စီမံကိန်းတာဝန်ခံ ဒေါ်အေးအေးသန်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် ကျောင်းအဆောက်အအုံနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ ပေးအပ်ခြင်း၊ လူထုဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သိန်း ၁၄၀ ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျောင်းဆောင်သစ်သည် စာသင်ခန်း ငါးခန်း ပါဝင်ကြောင်းနှင့် အလံတိုင် တစ်တိုင်၊ ငါးခန်းတွဲ ရေလောင်းအိမ်သာ တစ်လုံး၊ လေးပေပတ်လည်ရှိ ရေလှောင်ကန် နှစ်ကန်၊ ဆရာစားပွဲ/ ကုလားထိုင် ငါးစုံ၊ ကျောင်းသား စာရေးစားပွဲ/ထိုင်ခုံ အစုံ ၅၀ နှင့် White Board ၁၀ ချပ် စသည်တို့ကို နိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ ဆောက်လုပ်ပေးခဲ့ကြောင်းနှင့် စုစုပေါင်း ကုန်ကျငွေမှ ငွေကျပ် ၉၈၅၅၅၇၀၉ သိန်းဖြစ်ကြောင်း သိရသည်။



