
နေပြည်တော် မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းက အသိပညာပေးဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ရခြင်းအကြောင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် လွိုင်လင်မြို့ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြည်လွင်က မူးယစ်ဆေးဝါးအကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ပင်လုံနယ်မြေရဲစခန်း ဒုတိယရဲအုပ်စိုးလှိုင်က ဥပဒေရေးရာ အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ လွိုင်လင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းက သတင်းတုနှင့် လုပ်ကြံသတင်းများဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍လည်းကောင်း၊ ပင်လုံနယ်မြေ မီးသတ်စခန်း ဒုတိယဦးစီးမှူး ဦးရဲအောင်က မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က အသိပညာပေး ဟောပြောပွဲနှင့် ပတ်သက်၍လည်းကောင်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။