လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စကားဝိုင်း ဘားအံမြို့၌ ကျင်းပ

ဘားအံ သြဂုတ် ၇
ကရင်ပြည်နယ် ဘားအံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘားအံ)၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ နှင့်စကားဝိုင်းကို သြဂုတ်လ ၆ ရက်က ကျင်းပသည်။
ဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်နှင့် ဆရာ၊ ဆရာမများ၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌနှင့် အဖွဲ့ဝင်များ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပြီး ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အမှာစကားပြောကြားကာ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးသန်းအောင် (မောင်လူဝိုင်း)က လူငယ်နှင့်အနာဂတ်တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူးက Moderator အဖြစ် ဆောင်ရွက်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘားအံ) မှ ကျောင်းသား၊ ကျောင်းသူများက မိမိကိုယ်မိမိ ချစ်ပါ၊ ဂျပန်တို့၏ အသက်ရှည် ဘဝနေနည်း၊ အရှက်ကွဲရခြင်းသည် နောင်တရခြင်းလောက် မဆိုးပါ၊ ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့၊ အကြောက်တရားကလွဲရင် ဘာကိုမှကြောက်စရာမလို၊ ကောက်ရိုး မီးသွေး ပဲကြီးစေ့ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး အခြားကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်ကြကာ ဦးဆောင်းဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကပြန်လည် ဖြေကြားသည်။
ခရိုင်(ပြန်/ဆက်)