
မောင်တော နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မျက်စိနာရောဂါဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးနိန်ကီးက အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာနုကေသီစံ က မျက်စိနာရောဂါသည် ရာသီအကူးအပြောင်းကာလအတွင်း ဖြစ်ပွားတတ် ပါကြောင်း၊ မျက်စိနာရောဂါဖြစ်ပွားတတ်သည့်လက္ခဏာများ၊ မျက်စိနာရောဂါသည် ကူးစက်တတ်သည့် ရောဂါဖြစ်ပြီး မျက်စိနာရောဂါဖြစ်ပွားပါက တစ်ကိုယ်ရေသုံးပစ္စည်းများကို အခြားသောသူများနှင့် မျှဝေ မသုံးသင့်ကြောင်း၊ မျက်စိနာခြင်းသည် အလင်းရောင်ကို မခံနိုင်သည့်အတွက် နေကာမျက်မှန် တပ်ဆင်သွားရန်နှင့် မျက်စိနာရောဂါဖြစ်ပွားနေသည့်ဟု သံသယရှိပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့ လာရောက်ပြသရန်လိုကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ ကျောင်းအုပ်ဆရာကြီး ဦးနိန်ကီး နှင့် ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများအင်အား
၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး (ပြန်/ဆက်)