နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဉ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ သြဂုတ်လ ၁၉  ရက်
    နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဉ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ် ဖြိုးသန့်၊ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီ ၄ ခုတို့မှ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ခဲ့ပါသည်။
    ရှေးဦးစွာ ရခိုင်ပြည်နယ် တည်ငြိမ်‌အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဥ္စမအကြိမ် အစည်းအဝေးတွင်  ဆွေးနွေးခဲ့သည့် အချက်များနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်း ဆွေးနွေးနိုင်ရန် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ JWG ပဥ္စမအကြိမ် အစည်းအဝေး ကောက်နှုတ်ချက်များ နှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လုပ်ငန်းကော်မတီများသို့ အကြောင်းကြားထား ပြီးဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလို ကြောင်း၊  Pilot Project အပါအဝင် ပြန်လည်စိစစ်လက်ခံရေး လုပ်ငန်းစဉ်များ အဆင်ပြေ‌ချောမွေ့ စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဆွေးနွေး မှာကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယ ဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၂) တို့က ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က  သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက် မည့် ကိစ္စရပ်များအား ဆွေးနွေး တင်ပြခဲ့ကြရာ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။