နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော်၊ ဇွန်  ၁၅
စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ရသေ့တောင် မြို့သို့ သွားရောက်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှု စစ်ဆေးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ဦးစွာ ရသေ့တောင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က မုန်တိုင်းအန္တရာယ် ထိခိုက်မှုပြင်းထန်သော မြို့များ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများကို ၁ လတာ ကာလ အတွင်း ပြီးစီးမှုအခြေအနေအား မျက်မြင် သိလို၍ လာရောက်ခြင်းဖြစ်ပြီး မေ ၁၈ ရက်နေ့တွင် လာရောက်မှုနှင့် ယခုလာရောက်ကြည့်ရှုခဲ့သည့် မြင်ကွင်းမှာ များစွာ တိုးတက်လာမှုကိုတွေ့ရကြောင်း ဦးစွာ ပြောကြားသည်။
၎င်းနောက် ယခုနှစ် စိုက်ပျိုးရာသီအတွက် လိုအပ်သော မျိုးစပါးများအတွက် အချိန်မီ ရရှိ အောင် စီမံပေးမှုအခြေအနေများ ၊ ရေငန်ကာ တာတမံများ ကျိုးပေါက်မှုကို ပြင်ဆင် ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ၊ သောက်သုံး ရေကန်များ ပြန်လည်ဆယ်တင်၍ သန့်ရှင်းရေး ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ကျောင်းသား/ကျောင်းသူများ အမိုးအကာ အောက်တွင် စာသင်ကြားနိုင်ရေး ဆိုင်ရာ စီမံဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိစာသင်ကြားနေမှုအခြေအနေများ၊ အခြေခံလူတန်းစား စားဝတ်နေ‌ရေးပြေလည်စေရေး မုန်တိုင်း မတိုက်ခိုက်မီကပင် စုဆောင်း ထားသည့် အရန်ဆန် တန်ချိန် ၁၀၀၀၀(အိတ် ၂၀၀၀၀၀) မှ ထပ်မံ ထောက်ပံ့ပေးနိုင်မည့် အခြေအနေများအား အသေးစိတ် ဆွေးနွေးရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတ အဖွဲ့များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။         
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်မြို့ရှိ  အောင်မြေဗောဓိ ဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်မြို့ရှိ ပြည်သူ့ဆေးရုံသို့သွား ရောက်၍ မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်  ဆေးရုံပင်မ အဆောက်အဦအား ပြန်လည်ပြင်ဆင်ပြီးစီးမှု အခြေအနေ များကို စစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိ သည့် လူနာများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရသေ့တောင်မြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများတက်ရောက် ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph
video-upload