
မြစ်ကြီးနား ဇန်နဝါရီလ ၁၀ ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ မွန်းလွဲပိုင်း တွင် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာ အားကစားကွင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ငြိမ်းချမ်းသာယာ ရေကူးကန် ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးဇော်အေးမောင်၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တန်ဖိုးအကြီးဆုံး အမိုးအကာပါ ရေကူးကန်အသစ်ကို ပထမဦးဆုံး တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် မှတ်တမ်းတင်ဂုဏ်ယူကြောင်း၊ နိုင်ငံတကာအဆင့်မီ ရေကူးကန်ဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားသည်။
ထို့နောက် ရေကူးကန်ကို တာဝန်ယူ တည်ဆောက်ခဲ့သည့် မြန်မာမိတ်ကာဟုမ်း ကုမ္ပဏီမှ ရေကူးကန်ဆိုင်ရာ အချက်အလက်များကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် ငြိမ်းချမ်းသာယာ ရေကူးကန်သစ်ကို ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရေကူးကန်ဆိုင်းဘုတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက်ရောက်လာကြသူများကရေကူးကန်ကို လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင်များ ကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီကြသည့် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များ၊ ပန်းဖွားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယနေ့ဖွင့်လှစ်လိုက်သည့် ငြိမ်းချမ်းသာယာ ရေကူးကန်သည် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၉၀၀ ဖြင့် နိုင်ငံတကာအဆင့်မီ အလျား မီတာ ၅၀၊ အနံ ၂၅ မီတာနှင့် ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်ဖြစ်ပြီး ရေကူးကန်အတွင်း အလျား ၉ မီတာ၊ အနံ ၅ မီတာရှိ LED အမှတ်ပေး ဆိုင်းဘုတ်အပါအဝင် ဂါလန် တစ်သိန်းဆံ့ မြေအောက်ရေကန်နှင့် အသံစနစ်၊ ခေတ်မီရေသန့်စင်သော စနစ်များပါဝင်သည့် ရေကူးကန်တစ်ခုဖြစ်ကြောင်း သိရသည်။

