နေပြည်တော် ဇွန် ၁၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ အောင်ကျော်မင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ မျိုးသိန်းကျော် နှင့် ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့လေဆိပ်သို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် စစ်တွေမြို့ ကုလားတန်ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိပြီး ကုန်တင်သင်္ဘောများ ဆိုက်ရောက် နေမှု၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများအား ကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိပ်ကမ်းသို့ သယ်ယူပို့ဆောင်နေမှုများကို ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စစ်တွေ တက္ကသိုလ်သို့ရောက်ရှိရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်နှင့် တာဝန် ရှိသူများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ဘွဲ့နှင်းသဘင်ခန်းမပြန်လည်ပြုပြင် တည်ဆောက် နေမှု၊ တတိယနှစ်၊ စတုတ္ထနှစ် သင်တန်းများနှင့် ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ် ဂုဏ်ထူးတန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အမိုးပြုပြင် ခြင်းလုပ်ငန်းအား တစ်လအတွင်း ပြီးစီးအောင် ရည်မှန်းချက်ထားဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ပြုပြင်တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အတွင်း/အပြင် ဥပဓိရုပ်ကောင်းမွန်အောင် သန့်ရှင်းရေးဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားပြီး မဟာတန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ တက္ကသိုလ်ဝင်းအတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စစ်တွေကမ်းနားပတ်လမ်း (ရှုခင်းသာလမ်း)၊ စာတိုက်လမ်းဆုံမှ စစ်တွေဟိုတယ်အထိ အရှည်ပေ ၁၂၉၀၀ လမ်းပိုင်း ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
လမ်းပိုင်း ယာယီရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က လမ်းပိုင်းပြုပြင်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စစ်တွေမြို့ ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က မိုခါမုန်တိုင်းဒဏ်ကြောင့် သားဖွားမီးယပ်လူနာ ဆောင်၊ ကိုဗစ်-၁၉ လူနာဆောင်၊ ကျောက်ကပ် သန့်စင်ဌာန၊ သွားနှင့် ခံတွင်းရောဂါကုဌာနနှင့် ဝန်ထမ်းအိမ်ရာများ ခေါင်မိုးပျက်စီးမှု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း နှစ်ထပ်ဆောင်နှင့် တိုင်းရင်းဆေးရုံတိုးချဲ့ နှစ်ထပ်ဆောင် ပျက်စီးမှုတို့ကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆေးကုသမှု ခံယူလျက်ရှိသည့် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ သက်တော် (၁၀၅) နှစ်၊ ဝါတော် (၈၅) ဝါရှိ ဒုံးပိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏအား ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်း လျှောက်ထားသည်။
အားပေးစကားပြောကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် ဆေးရုံအတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျောက်ကပ် သန့်စင်ဌာနစိတ်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စစ်တွေမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် လောကာနန္ဒာစေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်၌ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံရှင်းလင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား ဂုဏ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်သည်။
အမြော်အမြင်ရှိစွာဖြင့် ကြိုတင်ပြင်ဆင်
အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ရွပ်ရွပ်ချွံချွံဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ အနေဖြင့် ကိုယ်ကျိုးစီးပွားကို လျစ်လျူရှု၍ အနစ်နာခံပြီး အားကြိုးမာန်တက် စေတနာအပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့သည့်အတွက် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာက ပြင်းထန်၍ကြီးမားသော ဆုံးရှုံးမှုများဖြစ်နိုင်သည်ဟု မျှော်လင့်ခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ အမြော်အမြင်ရှိစွာဖြင့် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ခဲ့ကြောင်း၊ လေဖိအားနည်း စတင်ဖြစ်ပေါ်ခဲ့သည့် မေ ၆ ရက်မှစ၍ Disaster Mana-gement Centre-DMC ကိုဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး မေ ၈ ရက်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း။
အားတက်သရော ဝင်ရောက်ကူညီ
ပြည်သူများ တစ်ဦးတစ်ယောက်မကျန် ဘေးအန္တရာယ်ကင်းရှင်းစေရန် ပြင်ဆင်စုဖွဲ့မှုများ၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက်များအရ လိုအပ်သော ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ နာဂစ်မုန်တိုင်း၏ သင်ခန်းစာများကိုရယူကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ မေ ၁၄ ရက် တွင် မုန်တိုင်းဝင်ရောက်ခဲ့သော်လည်း မိမိတို့အနေဖြင့် မေ ၆ ရက်နေ့ကတည်းကပင် Fun-ction ဖြစ်အောင် ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီရေစတက်ချိန် ဖြစ်ပေါ်ခဲ့၍လည်း ထိခိုက်မှု နည်းခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် သတ်မှတ်ချိန်ထက်စော၍ အနီရောင်အဆင့် ကြေညာခဲ့သဖြင့် ကြိုတင်ရွှေ့ပြောင်းမှုအား အချိန်စောစွာ ရွှေ့ပြောင်းနိုင်ခဲ့သောကြောင့် ထိခိုက်သေဆုံး ဆုံးရှုံးမှုကို အနည်းဆုံးလျှော့ချနိုင်ခဲ့ကြောင်း၊ မုန်တိုင်းအလွန် ကာလရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောလျင်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ အနေအစားဆင်းရဲစွာဖြင့် မုန်တိုင်းထိခိုက်ခဲ့သောနေရာများတွင် အားတက်သရော ဝင်ရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များအပေါ် အလျဉ်းသင့်သလို ဂုဏ်ပြုပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် မှာကြားခဲ့ကြောင်း။
မိမိဒေသအကျိုးအတွက် အပြည့်အဝပူးပေါင်း
ယခုကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် မုန်တိုင်းတိုက်ခတ်ပြီး ပျက်စီးဆုံးရှုံးမှု မြင်ကွင်းနှင့် ယခုတစ်လပြည့်ကာလ ပြန်လည်ထူထောင်ပြီးစီးမှု မြင်ကွင်းသည် ဝမ်းသာအားရ ကျေနပ်ဖွယ်ပြောင်းလဲနေသည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်၏အစီအမံဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တွင်းနှင့် ရပ်ကွက်အလိုက် ပြည်သူများပူးပေါင်း ဆောင်ရွက်ကြသည် ကို တွေ့ရသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ဒေသအကျိုးဆောင်ရွက်ရာတွင် ပြည်သူသည် ထာဝရ၊ ဝန်ထမ်းသည် တစ်ခဏသာဖြစ်၍ မိမိဒေသအကျိုးအတွက် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ မုန်တိုင်းကြောင့် ကျောင်းပေါင်း ၁၅၈၃ ကျောင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ အစီအမံအရ အထက်တန်းအဆင့်များ ဦးစားပေး ပြင်ဆင်၍ ဇွန် ၁ ရက်နေ့အမီ ဖွင့်လှစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေသူအားလုံး KG+9 အောင်မြင်ရန် မူဝါဒနှင့်အညီ ပညာရေးကို အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဇွန် ၁ ရက်တွင် ကျောင်းများ ဖွင့်လှစ်ခဲ့ခြင်းဖြင့် ကျောင်းသားမိဘများ၏ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးနိုင်ခဲ့ကြောင်း။
ကျန်းမာရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ကာလကတည်းကပင် အသက်ထက် အရေးကြီးတာ ဘာမျှမရှိဟူသော မူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ဆေးရုံနှင့်ပတ်သက်၍ လိုအပ်သော ပြင်ဆင်မှုများကို ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း။
ဆက်သွယ်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ယနေ့တွင် ရာနှုန်းပြည့် ဆက်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ နေ့စဉ်ကဏ္ဍအလိုက် လုပ်ဆောင်မှုများကို အခက်အခဲမရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး Disaster Management Centre-DMC မှ နေ့စဉ် ပုံမှန်အစည်းအဝေးပြုလုပ်၍ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လမ်းညွှန်မှုပြုခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အပေါ် စိတ်ဝင် တစား စောင့်ကြည့်လမ်းညွှန်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း။
မုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ငွေကျပ် ၅၂၂ ဘီလီယံခန့် ဆုံးရှုံးခဲ့ကြောင်း၊ မုန်တိုင်းကြောင့် သေဆုံးသူများသည် အချိန်မီရွှေ့ပြောင်း နိုင်ရန် တာဝန်ရှိသူများ၏စီမံမှုအပေါ် ငြင်းဆန်ခဲ့မှုများကြောင့် မဖြစ်သင့်ဘဲ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်း၊ အဖွဲ့အစည်းဖြင့် စနစ် တကျ ဆောင်ရွက်ခဲ့မှုများကြောင့် ယခုကဲ့သို့ ပြန်လည်ထူထောင်နိုင်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည် နယ်အတွင်းရှိ မြို့နယ် (၁၇) မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၄) မြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၁၁) အရ ကြေညာခဲ့ကြောင်း၊ မုန်တိုင်းထိခိုက်မှု ပြင်းထန်သော စစ်တွေ၊ မောင်တောနှင့် ရသေ့တောင်ကဲ့သို့သော မြို့များအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် လယ်ထွန်စက်၊ ကျွဲ၊ နွားနှင့် မျိုးစေ့များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
နိုင်ငံတကာ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများက ဆုံးရှုံးမှုကြီးမားမည်ဟု မျှော်မှန်းထား သော်လည်း “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော စကားနှင့်အညီ စည်းလုံးညီညွတ် မှုနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်နိုင် သကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်မှုများသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ကြောင့်ပင်ဖြစ်ကြောင်း။
ယခုကဲ့သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြသည့် အဖွဲ့အစည်းများအားလုံးနှင့် ပြည်သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ အောင်ကျော်မင်း တို့သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေး ဆောင်ရွက် ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များကို ဂုဏ်ပြုဆု များ ချီးမြှင့်ပေးအပ်သည်။
ယနေ့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့် ကူညီကယ်ဆယ်ရေးနှင့် ပရဟိတအဖွဲ့ စုစုပေါင်းအဖွဲ့ ၂၀ တို့အား ဂုဏ်ပြုချီးမြှင့်ငွေမှာ ငွေကျပ်သိန်း ၄၉၀ ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်ရှိ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ပဏ္ဍိတနန္ဒာရာမ ကျောင်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တနန္ဒသီရိအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရွပ်ရွပ်ချွံချွံ ရှင်းလင်းလုပ်အားပေးဆောင်ရွက် ခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြား
Post Paragraph
Paragraph Images
video-upload