နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မအူပင်)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

မအူပင် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (မအူပင်)၌ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်း ခိုးယူမှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှိ သင်တန်းခန်းမ ၌ ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းက အမှာစကားပြောကြားပြီး မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူးခင်မောင်ညွန့်နှင့် မအူပင်မြို့နယ် ဥပဒေအရာရှိ ဒေါ်ကျော့ကေခိုင်တို့က တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေး‌ဆောင် ဖြားယောင်း ခိုးယူမှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောသည်။  ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်းက သင်တန်းကျောင်းသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ/ဘဲဥနှင့် စာရေးကိရိယာများကို ပံ့ပို့ပေးအပ်ပြီး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆက်စပ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၅၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
 

Post Paragraph