နိုဝင်ဘာလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပူတာအို) သို့ သွားရောက်၍ အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၃ ထပ် အိပ်ဆောင် တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်း ကိုက်ညီစေရေးနှင့် လုပ်ငန်းပိတ်သိမ်းချိန်တွင် လုပ်ငန်းခွင်အား သပ်ရပ် သေသပ်စွာဖြင့် စနစ်တကျ ရှင်းလင်း ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် နောင်မွန်မြို့ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိ၍ ဆေးရုံတက်လူနာများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆေးရုံအတွက် လိုအပ်ချက်များနှင့် မြို့နယ် အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ရုံးဝန်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နောင်မွန်-မဂွေဇ-ခေါင်လန်ဖူးလမ်း တစ်လျှောက် ဖောက်လုပ်ပြီးစီးခဲ့သည့် လမ်းများပြုပြင်ထိန်းသိမ်းလျက်ရှိသည့် အခြေအနေများ၊ လက်ရှိဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျောက်လမ်း၊ တံတားများ၊ ကွန်ကရစ်ရေကျော်များ၊ မိုးရာသီကာလ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် လမ်း/တံတားများအား အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြား၍ ညနေပိုင်းတွင် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် တိုးချဲ့မြို့ကွက်သစ် မြေနေရာများ၊ မြို့ပတ်လမ်း ဖောက်လုပ်ထားရှိမှု၊ မြို့နယ်ခန်းမပြုပြင်ပြီးစီးမှု၊ မြို့မစျေးအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ/မြို့ဖများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။