နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း မြေသားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

   နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁,၂၀၅ ဒသမ ၈၈ သန်းဖြင့် ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ မြေသားလမ်း ၁၃ လမ်း ဂျင်းကျောက်ခင်း၍မြေသားလမ်း အဆင့်မြှင့်တင်ခြင်းနှင့်မြေသားထိန်း ကျောက်ရိုးနှစ်ဖက်စီခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အဆိုပါ လမ်းပိုင်း ၁၃ ခုအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်မှုကြောင့် ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရဟန်းသံဃာတော်များ၊ ဒေသခံပြည်သူများနှင့် မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးလာပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ယခင်ကထက် ပိုမိုအဆင်ပြေချောမွေ့လာမှုကြောင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တို့ဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံရှေးဟောင်းစေတီပုထိုးတော်များအား စိတ်လက် ချမ်းသာစွာ သွားလာဖူးမြော်ကြည်ညိုနိုင်သဖြင့် များစွာဝမ်းမြောက် ပျော်ရွှင်လျက်ရှိကြောင်း ‌ဒေသခံပြည်သူများထံမှ သိရသည်။
 

Post Paragraph