နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော် မတ် ၂၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၇ ကျောင်းတို့၌ ၂၃-၁၀-၂၀၂၃ ရက်မှ ၂၂-၃-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာ ဂျပ်ခုပ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများနှင့်အတူ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်း‌ဆောင်၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်သည်။
    အလားတူ အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲများကို ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊လားရှိုးမြို့သင်တန်းကျောင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လဟယ် မြို့ သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ကွန်ဟိန်းမြို့ သင်တန်းကျောင်းတွင် အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်တို့ တက် ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့်ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။
    အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ အမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိရာ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီး များရှိ အထည်ချုပ်စက်ရုံများတွင်  ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ  အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသည့်အပြင် သင်တန်းထူးချွန်ရရှိသူများအား သင်တန်းကျောင်းမှ အပ်ချုပ်စက် ၁ စုံစီ ဆုချီးမြှင့်ပေးခဲ့ပါသည်။ အလားတူ ဟိုတယ်ဝန်‌ဆောင်မှုဆိုင်ရာ သင်တန်းဆင်း ပြီးသူများကိုလည်း ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်ပေး လျက်ရှိပါသည်။
    အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၇ ကျောင်းတွင်၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုပ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းစသည့် သင်တန်း ၄ မျိုးတွင်    သင်တန်းသူ ၅၂၀ ဦး တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေး လျက်ရှိရာ သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသူ စုစုပေါင်း ၉၆၃၇၆ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post Paragraph