နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်   မေ  ၈ 
        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ  သင်တန်းကျောင်း ၂၄ ကျောင်းတို့တွင် နယ်စပ်ဒေသ အပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့် စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး မိသားစု အပိုဝင်ငွေရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့အား ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ 
        ထိုသို့ ဖွင့်လှစ်ရာ၌ လွိုင်ကော်မြို့ သင်တန်းကျောင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဘားအံမြို့နှင့် မြိုင်ကြီးငူမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပခုက္ကူမြို့ သင်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လပွတ္တာမြို့ သင်တန်းကျောင်း တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လားရှိုးမြို့ သင်တန်းကျောင်းတွင် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်း ကျောင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။  
        အဆိုပါ သင်တန်းကျောင်း ၂၄ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၇၅၀ ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းသူ ၁၅ ဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ ၅ ဦး၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းသူ ၃၀ ဦး၊ သင်တန်းသူစုစုပေါင်း ၈၀၀ ဦး တက်ရောက်၍  ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
        အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူစုစုပေါင်း ၉၅၀၂၂ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph