နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

နေပြည်တော်   မတ်  ၃၁
   နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၂၀ ကျောင်းတို့၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်းဆင်းပွဲများအား ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ  မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ဘားအံမြို့သင်တန်းကျောင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လပွတ္တာမြို့နှင့် ပုသိမ်မြို့ သင်တန်းကျောင်းတို့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ကော့သောင်းမြို့ သင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း၊  ခန္တီးမြို့သင်တန်းကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေခံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သက်ထူးစံတို့ တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ဦးစီး ဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ  တာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့သည်။
  အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ဒေသမှ အမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျ ရောင်းချပေးလျက်ရှိပါသည်။ သင်တန်းထူးချွန် ရရှိသူများအား စက်ချုပ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် အပ်ချုပ်စက် ၁ လုံးစီ ဆုချီးမြှင့်ပေးခဲ့ပါသည်။
   အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၂၀ကျောင်းတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့မှ ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရက်သတ္တ ၁၈ ပတ်ကြာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းသူ ၇၈၀ ဦး တက်ရောက်ခဲ့သည်။ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ  သင်တန်းသူ စုစုပေါင်း ၉၃၄၆၈ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း  သတင်းရရှိပါသည်။
 

Post Paragraph