နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်   မေ  ၁၂ 
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၁၇ ကျောင်းတွင် နယ်စပ်ဒေသများမှ တိုင်းရင်းသူအမျိုးသမီးငယ်များအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမအကြိမ်သင်တန်းများအဖြစ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့အား ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ခဲ့သည်။ 
    သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ လွိုင်ကော်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဘားအံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဆိုက်ခေါင်အိမ်တွင်းမှု သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ မြိတ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ ကော့သောင်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တာချီလိတ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နယ်မြေခံတပ်မှ  ဗိုလ်မှူးကြီး ကျော်မင်းထွန်းတို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ကျန်သင်တန်း ကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ပြည်နယ်/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
    အဆိုပါ သင်တန်းကျောင်း ၁၇ ကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၄၆၀ ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းသူ ၅ ဦး၊ အခြေခံလက်ရက်ကန်းသင်တန်းသူ ၅ ဦး၊ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းသူ ၄၀ ဦး၊ သင်တန်းသူ စုစုပေါင်း ၅၁၀ ဦး အား  ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ  ၁၀ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင် စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်သည်။      
    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၇၂၉၁ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

Post Paragraph