
နေပြည်တော် အောက်တိုဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း (လပွတ္တာ၊ ပုဏ္ဏားကျွန်း) တို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများနှင့် အောင်ပန်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနား များအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ပုဏ္ဏားကျွန်းမြို့ သင်တန်းကျောင်းတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်တို့ အသီးသီးတက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားသည်။
အဆိုပါ လပွတ္တာ၊ ပုဏ္ဏားကျွန်းနှင့် အောင်ပန်း သင်တန်းကျောင်း ၃ ကျောင်း၌ ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းများတွင် သင်တန်းသား စုစုပေါင်း ၇၀ ဦးဖြင့် သင်တန်းကာလ ရက်သတ္တ ၂၂ ပတ်နှင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းများတွင် အိပ်ခန်းဆောင် သင်တန်းသား ၁၅ ဦး၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းသား ၁၅ ဦး၊ ပေါင်း ၃၀ ဦးတို့ဖြင့် သင်တန်းကျောင်းတွင် စာတွေ့ ၃ လ နှင့် ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း (On Job Training-OJT) ကာလ ၃ လကြာ သင်ကြား ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ပံ့ပိုးပေးသွားမည် ဖြစ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းသား စုစုပေါင်း ၆၄၁၂ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။