နေပြည်တော် အောက်တိုဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ၊ လပွတ္တာ၊ အောင်ပန်း)တို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့် လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးတို့ အသီးသီးတက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကျောင်း ၃ ကျောင်းတွင် ဆောက်လုပ်ရေးသင်တန်းသား ၁၄ ဦး၊ လျှပ်စစ် သင်တန်းသား ၂၅ ဦး၊ ဂဟေသင်တန်းသား ၃၀ ဦး၊ မော်တော်ယာဉ်စက်ပြင် သင်တန်းသား ၄၁ ဦး၊ လက်ကိုင်ဖုန်းပြင်သင်တန်းသား ၁၅ ဦးနှင့် စက်မှုကျောင်း(အောင်ပန်း)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသား ၂၀ ဦး စုစုပေါင်း ၁၄၅ ဦးဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့အထိ ရက်သတ္တ ၂၂ ပတ်ကြာ နေထိုင်စားသောက်ရေး၊ လက်တွေ့ခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာဖြင့် အခမဲ့ထောက်ပံ့သင်ကြားပေးခဲ့ပြီး သင်တန်း ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသားများအတွက် သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီး ချီးမြှင့် ပေးခဲ့ပါသည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းကျောင်းများ စတင် ဖွင့်လှစ်ချိန်မှ ယခုအထိ သင်တန်းသား စုစုပေါင်း ၆၉၂၀ ဦး သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိပါသည်။