
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ မေလ ၁၂ ရက်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ် (၁၀) ဖွင့်ပွဲကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစားများ၊ အကြိမ်ရေနှင့် ဆက်လက်ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ အကြောင်းကို Power Point ဖြင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ၊ ယခင်သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန် ပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး သင်တန်းကို မေလ ၁၂ မှ အောက်တိုဘာလ ၁၀ ရက်အထိ ၆ လကြာစာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


