
ပခုက္ကူ နိုဝင်ဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မျက်စိနာရောဂါဆိုင်ရာအသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာလ ၁၁ရက် နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းမင်းအောင် က မျက်စိနီရဲခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်စိယားယံခြင်း၊ မျက်စိနာကျင်ရောင် ရမ်းခြင်း၊ မျက်ရည်ယိုခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း စသည့်မျက်စိနာရောဂါ လက္ခဏာရပ်များ၊ မျက်စိရောဂါဖြစ်စေနိုင်သည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်မြှေးရောင်ရောဂါနှင့်မျက်စိနာရောဂါ ကာကွယ်ရေး နည်းလမ်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်းသူများ၊ မြို့နယ်ကျန်းမာရေးမှူးနှင့်ဝန်ထမ်းများတက်ရောက် ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)