ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်း၊ မတ်လ ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းအမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်ရေးနှင့် မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌  ၁၈-၃-၂၀၂၂ ရက်နေ့ ၁၀:၃၀ နာရီ အချိန်တွင်လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ၁၈-၃-၂၀၂၂ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ  ကျင်းပပြုလုပ်ပါသည်။
    အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ဆွေးနွေးဟောပြောရာတွင် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းခဲ့မှု၊ လူမှုမီဒီယာများ၏ ကောင်းကျိုး၊ ဆိုးကျိုးများ အပြုသဘောဆောင်သည့် မီဒီယာများအကြောင်းကို အသေးစိတ် ဆွေးနွေးပြောကြားသွားပါသည်။ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သတင်းများကို အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်စေရန်၊ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ဖော်ပြလျက်ရှိသော သတင်းများကို နည်းပညာများ အသုံးပြု၍ အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်မှုများအပြင် စာပေဖတ်ရှု လေ့လာအား ကောင်းမွန်ခြင်းဖြင့် အကျင့်စာရိတ္တကောင်းမွန်လာစေသည့် အကျိုးရလဒ်များ၊ မိမိတို့ ရည်မှန်းချက် ဖြစ်သည့် အဆင့်မြင့်ပညာများကို ပြီးမြောက်အောင် ကြိုးပမ်းသင်ကြားသွားရမည့် အကြောင်းများကို ထည့်သွင်းဆွေးနွေး ဟောပြောခဲ့သည်။
    ဆက်လက်ပြီး စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲ ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာ ကြသည့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
    အဆိုပါ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှူထမ်း ၁၈၄ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၂၀၆ ဦး၊ စုစုပေါင်း ၃၉၀ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်  အရာထမ်း၊ အမှုထမ်း ၁၃၇ ဦး၊  ကျောင်းသား၊ ကျောင်းသူ ၆၀ ဦး၊ စုစုပေါင်း ၁၉၇ ဦးတို့ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။