စစ်ကိုင်း ဧပြီ ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီ ဥက္ကဌ-၂ ဗိုလ်ချုပ်ဖြိုးသန့်သည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ၂၈.၄.၂၀၂၂ ရက်နေ့မှ ၃၀.၄.၂၀၂၂ ရက်နေ့ထိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အစည်းအဝေးခန်းမနှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမတို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို အတည်ပြု ရွေးချယ် ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်း အားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်၊စစ်ကိုင်းတို့သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး သတ်မှတ်အမှတ် ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်း သား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေးအတည်ပြု ရွေးချယ်ခဲ့သည်။
ယခုပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ် ပေးသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ B.Ed ပညာရေးဘွဲ့ သင်တန်းအတွက် ၃၂၂ ဦး၊ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာသင်တန်းအတွက် ၃၇၇ ဦးတို့ကို စိစစ် အတည်ပြုပြီးပါက B.Ed ပညာရေးဘွဲ့ ၅ နှစ်၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့ဒီပလိုမာများ အပ်နှင်းပေးကာ B.Ed ဘွဲ့ရရှိသူများကို အထက်တန်းပြဆရာ၊ ဆရာမများအဖြစ်လည်းကောင်း၊ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာ ရရှိသူများကို ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေးနှင့်အဆင့်တူ ရာထူးနေရာများတွင် လည်းကောင်း နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆရာ၊ ဆရာမ ၊ ဝန်ထမ်းများနှင့် ပထမနှစ် သင်တန်းသား၊ သင်တန်းသူများကို ဘွဲ့နှင်းသဘင်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ ထားရှိသည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် သင်တန်းသား၊ သင်တန်းသူများ အာဟာရပြည့်လုံလောက်စွာ စားသုံးနိုင်ရေး မွေးမြူရေးနှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ကြောင်းသိရသည်။
© Copyright Ministry of Border Affairs 2019, All rights reserved.