ရန်ကုန် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို မေလ ၁၂ ရက်က အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းအုပ်ဆရာကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက ငလျင်၏ပြင်းအား၊ ငလျင်အင်အားအဆင့်သတ်မှတ်ခြင်း၊ ငလျင်အမျိုးအစား သတ်မှတ်ခြင်း၊ ငလျင်လှုပ်ပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ရသည့် အဓိကအကြောင်းရင်းများ၊ ငလျင်လှုပ်နေစဉ် လိုက်နာရမည့်အချက်များ၊ ငလျင်ဘေး ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ၊ ငလျင်မဖြစ်မီ ကြိုတင်ပြင်ဆင်မှုအစီအစဉ်များ စသည့် မြေငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က မီးဘေး၊ ရေဘေးနှင့် သဘာဝဘေး ကျရောက်လာပါက ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုခြင်းနည်းဖြင့် အသက်ကယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သုံးထောင့်ပတ်တီးဖြင့် ပတ်တီးစည်းနည်း(၅)မျိုး၊ အသက်ရှုအားကူနည်း CPR ပြုလုပ်ခြင်း၊ လူနာသယ်ဆောင်ခြင်းတို့ကို သရုပ်ပြသခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ငလျင်လှုပ်ခတ်နေစဉ်အတွင်း ဆောင်ရွက်ရမည့် “ ဝပ်၊ ကာ၊ ကိုင်” အနေအထားအား သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သဏ္ဍာန်တူလေ့ကျင့်ခဲ့ကြသည်။