
နေပြည်တော် ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ခန္တီး-ဆင်သေ-လဟယ်လမ်းပေါ်ရှိ နန့်စလိမ်ချောင်း တံတား ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးနှင့် ဝေးလံ ခေါင်းပါးသော ဒေသများမကျန် အချိုးညီညီဖွံ့ဖြိုး တိုးတက်စေရန် ဘက်စုံကဏ္ဍစုံမှ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှုနည်းပါးသည့် ခန္တီးခရိုင်အတွင်းနှင့်နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန် အခြေခံအဆောက်အအုံဖြစ်သည့် လမ်းသစ်များ ဆောက်လုပ်ခြင်းနှင့် တံတားများ တည်ဆောက်ပေးခြင်း၊ ရှိပြီးလမ်းတံတားများကို အဆင့်မြှင့်တင် တည်ဆောက်ပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဝင်ပေါက်ဖြစ်သည့် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်း၊ ခန္တီး-ဆင်သေ-လဟယ်လမ်းနှင့် ဆင်သေ- လဟယ်-နန်းယွန်းလမ်းများကိုလည်း နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများ ချမှတ်ပေးကာ ဆောင်ရွက်လျက်ရှိသည့်အတွက် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခြင်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ချင်းတွင်း အထက်ပိုင်းဒေသများ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ကုန်သွယ်စီးဆင်းရေးလုပ်ငန်းများ မြန်ဆန် အဆင်ပြေစေမည်ဖြစ်ပြီး တိုင်းရင်းသားဓလေ့ထုံးစံများနှင့် သဘာဝကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်မှ ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အညီ အဆင့်အတန်းရှိရှိ ယခုတံတားကြီးကို တည်ဆောက်ပေးခဲ့၍ ကျေနပ်နှစ်သိမ့်ရုံဖြင့်မပြီးဘဲ ထိုတံတားကြီးသည် နိုင်ငံတော်အကျိုးနှင့် ဆက်စပ်ပြီး ဒေသ၏ အကျိုးစီးပွားကိုလည်း အကျိုးပြုမည်ဖြစ် သည့်အတွက် မိမိဒေသအတွင်းတွင်ရှိသည့် ပြည်သူ့ အကျိုးပြု၊ ဒေသအကျိုးပြု၊ တံတားကြီးကို နောင်လာမည့် မိမိတို့၏ သားစဉ်မြေးဆက်အထိ ရေရှည် အသုံးပြုနိုင်အောင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ထွန်းလင်းက နန့်စလိမ်ချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံ တိုင်းရင်းသားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က နန့်စလိမ်ချောင်းတံတားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး (ဝဲပုံ) တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဒေသခံတိုင်းရင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နန့်စလိမ်ချောင်း တံတားအား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြပြီး တိုင်းရင်းသား ရိုးရာအကအဖွဲ့များကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ နန့်စလိမ်ချောင်းတံတားသည် ခန္တီးမြို့-ဆင်သေ-လဟယ်လမ်း မိုင်တိုင် (၂၄/၄) ပေါ်တွင် တည်ရှိပြီး ကိုယ်ထည်သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ အပေါ်ထည် သံကူကွန်ကရစ်ရက်မ+ သံမဏိရက်မ၊ ယာဉ်သွားလမ်း သံကူကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး တံတား အရှည် ၃၃၀ ဒသမ ၄၅ ပေ၊ တံတားအကျယ် ၃၀ ဒသမ ၅ ပေ၊ တံတားကင်းလွတ် အမြင့် သုံးပေ၊ တံတားခံနိုင်ဝန် တန် ၆၀ စုစုပေါင်းကုန်ကျငွေကျပ် သန်း ၁၆၀၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးအဖွဲ့ (၁) တံတားအထူးအဖွဲ့(၂)မှ တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်