ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရှေးဟောင်းရေစီး လမ်းကြောင်းများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဇွန်  ၇
   မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ နိုင်ငံတော် အကြီးအကဲ၏ ခရီးစဉ် လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများ အခြေအနေများနှင့် ပတ်သက်သည့် အစည်းအဝေးကို   ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပ သည်။
   အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က  အလယ်ရေလမ်းကြောင်း (၁)ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူမည်ဖြစ်ပြီး   မြကန်ဘက်မှ ကြည့်လျှင် ညာဘက်ရှိ ရေလမ်းကြောင်း(၂)ကို နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဘယ်ဘက်ခြမ်းရှိ ရေလမ်းကြောင်း(၃)ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိုးမကျမီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်လိုကြောင်း၊ ရေလမ်းကြောင်း များကို ဧရာဝတီမြစ်ဘက်မှစတင်၍ ဦးစားပေးရှင်းလင်းရန် လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရေလမ်းကြောင်းသုံးခုနှင့် ချိတ်ဆက်နေသည့် ကန်များကို ဦးစားပေးပြုပြင်မွမ်းမံ ရမည်ဖြစ်ကြောင်း၊ ချိတ်ဆက်မှုမရှိသော ရေကန်များအနက် ဒေသခံပြည်သူလူထုကို အကျိုးပြုသည့် ကန်များကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်    ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်စံညွှန်းများ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထား လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
    ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် ဒေသဖြစ်သည့်အတွက် ကန့်သတ်ချက်၊စည်းကမ်းချက်များနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သာမန်ရေကန်ဆယ်ခြင်းနှင့် ရေစီးရေလာကောင်းအောင် သဘာဝအကွေ့အကောက်၊ ချောင်းရိုး၊ ရေစီးကြောင်းများအတိုင်းချဲ့ထွင်ခြင်းများကိုသာ ဆောင်ရွက်ရသည့်အတွက်လည်း   တတ်အားသရွေ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
    ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က   မိမိတို့ဝန်ကြီးဌာနကို သတ်မှတ်ပေးထား သော ကန်တူးဖော်ခြင်း၊ စူးစမ်းလေ့လာခြင်းနှင့် ရေလမ်းကြောင်း ဆောင်ရွက်ခြင်း ကိစ္စများကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်ထားသော Guideline နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မြကန်အား ရေဝင်အားကောင်းစေရန် ရေထိန်းသိမ်းမှု အပြည့်အဝ ရစေရန် အဓိက   ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ယန္တရားဖြင့်    လုပ်ဆောင်ရာတွင် ရှေးဟောင်း ဆိုင်ရာ ကန့်သတ်မှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနဘက်မှ အသေးစိတ်   အကြံပြုဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။
    ယင်းနောက်  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  ဘူမိဗေဒလေ့လာရေးနှင့်  ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ  ပြန်လည် တူးဖော်ပြုပြင် ထိန်းသိမ်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်း နေမှုနှင့် ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြုဆွေးနွေး တင်ပြကြသည်။
   ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍  ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။