ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ IDPs စခန်းများ ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီလ ၉ ရက်
   ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ပိုင်းတွင် စစ်တွေမြို့ ဘောဒူဖ IDPs စခန်းသို့ သွားရောက်၍ စခန်းရှိ ဘင်္ဂါလီများ၏ နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေး အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDP စခန်း ပြောင်းရွှေ့နေရာချထားမည့် နေရာသို့ ရောက်ရှိခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေအိမ်များ ဆောက်လုပ် နေမှုအခြေအနေများ၊ ရေ၊ မီး၊ မိလ္လာ ဆောင်ရွက်ထားရှိမှုများ၊ ရေဝပ်ဧရိယာများ မြေဖို့ခြင်း၊ ဆေးပေးခန်း ဆောက်လုပ်ခြင်း၊ စခန်း အဝင်မြေသားလမ်းနှင့် Box Culvert ဆောက်လုပ်နေမှုများ၊ ကျေးရွာခန်းမ တည်ဆောက်ခြင်း၊ စာသင် ကျောင်းများ ဆောက်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရှင်းလင်းတင်ပြချက် များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းများအား မတ်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက် ကြရန် လိုပါကြောင်းနှင့် ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားခဲ့ပြီး ကျောက်တစ်လုံး IDP စခန်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
   ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံ စီမံကိန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး Supreme Company ဒါရိုက်တာ ဦးအောင်ကျော်မင်း က တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် Power China Resource Company နှင့် တိုင်းရင်းသားပိုင် Supreme Company တို့ပူးပေါင်း၍ စီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ စီမံကိန်း ပြီးစီးပါက ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေမှာ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျောက်ဖြူ-CCGT Power Plant နှင့် ပေါင်းစပ် ဆောင်ရွက်မည့် နေရောင်ခြည်စွမ်းအင်သုံး စံပြ Hybrid လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကိုလည်း ဆောင်ရွက်နိုင်ရေး လျာထားပါကြောင်း ရှင်းလင်းတင်ပြ ချက်အပေါ် ပြည်ထောင်စုဝန်ကြီးများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်း၍ စီမံကိန်း ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။
   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ကျောက်ဖြူမြို့၊ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ဖွင့်လှစ်လျက် ရှိသည့် လျှပ်စစ်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်း ပြင်သင်တန်း၊ အခြေခံစက်ပြင်သင်တန်းများ သင်ကြားပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
   ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မာန်အောင်မြို့သို့ ရောက်ရှိ ၍ မာန်အောင်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲသို့ တက်ရောက်ပြီး မာန်အောင်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံကာ မာန်အောင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး လိုအပ်ချက်နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြချက် များအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ဆောင်ရွက် ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများအား ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး MSME လုပ်ငန်းရှင် များက ခင်းကျင်းပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာ၍ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးနိုင်မည့် အခြေအနေများကို လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload