ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌနယ်စပ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် နှင့်ကော်မတီအဖွဲ့ဝင်များ ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ

ဒီဇင်ဘာလ  ၁၉ ရက်
    ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း  ပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဥက္ကဋ္ဌ (၁)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်သက်ခိုင်တို့နှင့်အတူ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။
    ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တွေမြို့မှ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းသို့အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာ၍ IDPစခန်းအတွင်းရှိ IDP စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ၎င်းတို့၏တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆောင်ရွက်ပေးခဲ့ပါသည်။
    ထို့နောက် ကြိမ်နီပြင် IDP စခန်းအတွင်း နေထိုင်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအခြေအနေနှင့် ဒေသန္တရဆေးပေးခန်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် စစ်တွေမြို့၊ သက္ကယ်ပြင် IDP စခန်းနှင့် မင်းဂံရပ်ကွက် ဥဿလင်း ဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်၍ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံကာ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိ‌ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ် များအား ရှင်းလင်းပြောကြားခဲ့ပြီး ဥဿလင်းကျောင်းထိုင် ဆရာတော်အား ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
    ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၁-၂၀၂၂      ၆ လ ဘဏ္ဍာရေးကာလ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်း-ဇော်မတက်- ချောင်းနွယ်လမ်းဆုံထိ ကွန်ကရစ်လမ်း  ၁ မိုင် ၁ ဖာလုံ ဆောင်ရွက် နေမှု၊ ပေ ၁၅၀ အရှည် ဇော်မတက်ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုနှင့် စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း  RC ၃ ထပ် ကျောင်းဆောင် ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်‌ဆေး၍  ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
      ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီး ၎င်းစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး စခန်းတာဝန်ခံက ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များအား ရှင်းလင်းဖြည့်စွက် မှာကြားကာ ထောက်ပံ့ငွေများပေးအပ်၍ ပြန်လည်လက်ခံရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့် အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    နေ့လည်ပိုင်းတွင် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့  ရောက်ရှိခဲ့ကြပြီး ငါးခူရပြန်လည် လက်ခံရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍  လိုအပ်သည် များအား ရှင်းလင်းမှာကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မောင်တောမြို့သို့ ရောက်ရှိပြီး၊ ၎င်းမှ လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိခဲ့ပါသည်။ လှဖိုးခေါင်ကြားစခန်း ခန်းမတွင် ပြန်လည်လက်ခံရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ စခန်းတာဝန်ခံ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များအား ရှင်းလင်း ဖြည့်စွက်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ကာ ပြန်လည်လက်ခံရေးစခန်း အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ ပလက်ဝမြို့သို့ရောက်ရှိကြပြီး ကီမိုခန်းမတွင် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ တိုက်ပွဲရှောင်စခန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး မူလနေရပ်အသီးသီးသို့ ပြန်လည်နေထိုင်ရေး နှင့် ‌ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား အသီးသီးရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက် တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများက တိုက်ပွဲရှောင်များနှင့် သဘာဝဘေးဆိုင်ရာကိစ္စရပ်များအတွက် ထောက်ပံ့မှုများအား ပေးအပ်ခဲ့ကြပါသည်။ ၎င်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပလက်ဝမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့်တွေ့ဆုံ၍ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 
    ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ပလက်ဝမြို့မှ ပြန်လည် ထွက်ခွာခဲ့ပြီး မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိ၍  တိုက်ပွဲရှောင် စခန်းနေပြည်သူများ၊ မိသားစုဝင်များနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးများက အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။ ၎င်းနောက် တိုက်ပွဲရှောင်စခန်းရှိ ကျောင်းသား/ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ ၄၀၀ စုံနှင့် ကျောင်းသုံးဗလာစာအုပ်  ဒါဇင် ၄၀၀ ကို လည်းကောင်း၊ တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ၇၇၃ စု လူဦးရေ ၂၈၆၂ဦးတို့အတွက် ၁ လစာ ဆန် ၈၉၄ အိတ်အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။
    ထို့နောက် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာတွင် ပြန်လည်နေထိုင်ကြသည့် ပြည်သူများ အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ အဝင်လမ်း ၄ ဖာလုံအား မြေသားတာဘောင်တိုးချဲ့ခြင်းဆောင်ရွက်နေမှု အခြေအနေ၊ ကျေးရွာ ဘုန်းကြီးကျောင်း ၆၀x၄၈ ပေ RC ၂ ထပ် ဆောက်လုပ်နေမှုနှင့် နေအိမ် ၃၂၃လုံး ပြုပြင် ဆောက်လုပ်ပြီးစီးမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေး၍ ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
 

video-upload
Post Paragraph