နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်ပေါ်တွင် ၀/၄ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ( ကျိုင်းတုံ)မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းအား ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ မြေသားလမ်း ၃၃/၅ မိုင်၊ မြေလမ်းတာချဲ့ ၃၂/၀မိုင်၊ ကျောက်လမ်း ၁၄/၀ မိုင်၊ ကွန်ကရစ်လမ်း ၁/၀ မိုင်၊ ၎င်းလမ်းပေါ်တွင် ၂၅ ပေကွန်ကရစ်တံတားနှစ်စင်း ၁၅ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ကွန်ကရစ်ရေကျော်၃၅ ပေ တစ်စင်းနှင့် ငါးပေ Box Culvert ၅၁ စင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ နှစ်စဉ်လျာထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။
ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်လျာထားဆောင်ရွက်ပေးနိုင်မှုကြောင့် ကျိုင်းတုံမြို့နယ် ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၂၅ ရွာ၊ အိမ်ခြေ ၁၀၅၀ အိမ်၊ လူဦးရေ ၈၈၅၃ ဦးတို့အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်ပြီး ဒေသအတွင်းရှိ ထွက်ကုန်များအား ကျိုင်းတုံမြို့သို့ လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်သည်။