
ပုသိမ် နိုဝင်ဘာ ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ် သင်တန်း အမှတ်စဉ်(၁၁)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁) ၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးသင်တန်းသားရွေးချယ်ရေးကော်မတီဥက္က၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စု တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ငါးနှစ်သင်တန်း အမှတ်စဉ် (၁၁) တွင် သင်တန်းသား ရှစ်ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊AGTI သင်တန်းတွင် သင်တန်းသား လေးဦး စုစုပေါင်း ၁၂ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အလက(၃) တို့သို့ သွားရောက်၍ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း သန့်ရှင်း ဆောင်ရွက်နေမှု များကို ဆက်လက် ကြည့်ရှုစစ်ဆေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများ နှင့်အတူ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ပြုလုပ်သည့် အခြေခံပညာ အထက်တန်းဆင့် သင်ဆရာ ဆရာမများ သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)



